Friday, September 20, 2013


  • မင်းမြတ်အလောင်းစည်သူ

အလောင်းစည်သူက ကျန်စစ်သားရဲ့ အလွန်ချစ်တော်မူတဲ့ မြေးတော်ဖြစ်ပါတယ်။ ကျန်စစ်သားမင်းကြီး နတ်ရွာစံတော့ ထီးနန်းအရိုက်အရာကို ဆက်ခံရတဲ့ ပုဂံမင်း (၅၅) ဆက်ထဲမှာ အနော်ရထာနဲ့ ကျန်စစ်သားပြီးရင် အထင်ရှားဆုံးဖြစ်တဲ့ မင်းကောင်းမင်းမြတ် တစ်ပါးပဲဖြစ်ပါတယ်။ မွေးနေ့ ကြာသာပတေးသားဖြစ်ပြီး ကျောက်စာမှာတော့ အလောင်းစည်သူရဲ့ ဘွဲ့မည်ကို
ဂြိတြိဘုဝနာဒိတျပဝရဓမ္မရာဇာ (ဘုန်းကျက်သရေကြီးသော လူသုံးပါး၏ နေဖြစ်သော တရားမင်း) လို့ လေ့လာတွေ့ရှိ ရတယ်။ ကျောက်စာတွေမှာပဲ ဒီမင်းရဲ့ အမည်ကို သက်တော်ရှည်လို့လည်း တွေ့ရပြီး ရွှေဂူဒါယကာ လို့လည်း ခေါ်ကြတယ်။

ဘိုးတော်ဖြစ်တဲ့ ကျန်စစ်သားမင်းကြီးက မွန်နဲ့ မြန်မာအရှည်ချစ်ကြည်ရေးကို ဥာဏ်သမ္ပတ္တိနဲ့ ကျိုးကြောင်မျှော်မြင် ရည်ရွယ်ပြီး သူ့ရဲ့ အချစ်ဆုံး သမီးတော် ရွှေအိမ်စည်မင်းသမီးနဲ့ အနော်ရထာလက်ထက် ပုဂံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သထုံပြည် မွန်ဘုရင်မနူဟာမင်းကြီးရဲ့ မြေးတော် နဂသမန်းတို့ကို လက်ဆက်စုံဖက်ပေးရာမှ မြေးတော်အလောင်းစည်သူကို အလွန် ချစ်တော်မူတဲ့အတွက် မြေးတော်ငယ်ကို ရင်ခွင်မှာ ပိုက်ပြီး “ငါကား၊ ငါ့မြေးနန်းကို စောက်ရှောက်နှင့်ပါသည်သာ၊ အလောင်းဖို့သာ” လို့ မိန့်တော်မူကာ “သီရိဇေယျသူရ” ဆိုတဲ့ ဘွဲ့မည်နဲ့ ဘိသိက်သွန်းပြီး မင်းမြှောက်တာကို ခံခဲ့ရတဲ့ ထူးခြားတဲ့ မင်းလည်း ဖြစ်တယ်။

(၁၁၁၃) မှာ အလောင်းစည်သူမင်းဖြစ်လာတော့ မိဖုရား လေးပါးရှိတယ်။ ဒီမိဖုရားတွေကတော့ . . .

၁. ရတနာပုံ
၂. တိလောကစန္ဒာဒေဝီ
၃. ရာဇကုမ္မာရီ
၎. တောင်ပြင်သည် လို့ အမည်ရှိတဲ့ မိဖုရားလေးပါးဖြစ်တယ်။

ရတနာပုံမိဖုရားက သားတော်မင်းကြီးရှင်စောကို မွေးတယ်။ ဦးဆောက်ပန်း လို့လည်းခေါ်တဲ့ လောကစန္ဒာဒဝီကတော့
တောက်လှေကားကို မွေးတယ်။ ရာဖကုမ္မာရီ ကတော့ သားသမီး မရခဲ့ဘူး။ တောင်ပြင်သည် မိဖုရားကတော့ တောင်ဖျားနဲ့ ရွှေချုလို့ အမည်ရှိတဲ့ သမီးတော် နှစ်ပါးကို ဖွားမြင်တယ်။

ဒီနေရာမှာရေးရရင် နန်းရတဲ့ မိဖုရားက မွေးတာတွေထဲမှာ ပုဂံရာဇဝင်မှာ မင်းဆိုးမင်းညံ့လည်းဖြစ်၊ ကိုယ့်ဖခင်အရင်းကိုသတ်တဲ့ သားဆိုးလည်းဖြစ်တဲ့၊ မကောင်းတဲ့ဘက်က ထင်ရှားတဲ့ အလောင်းစည်သူရဲ့ သားတော်တစ်ပါးဖြစ်တဲ့ နရသူကို မတွေ့ရဘူး။

နရသူ ပျောက်နေလို့ သေချာလေ့လာလိုက်တော့မှ နရသူဟာ အလောင်းစည်သူရဲ့ နန်းရမိဖုရားတွေထဲက မွေးတာမဟုတ်ပဲ ကိုယ်လုပ်တော်ကနေ မွေးတဲ့သား ဖြစ်တယ်ဆိုတာ တွေ့ရတယ်။ ကိုယ်လုပ်တော်ဆိုတာကတော့ မိဖုရားငယ်လည်း မဟုတ်၊ မောင်းမငယ်ထက်လည်း မကတဲ့ ဘုရင်အလိုရှိရင် ဘုရင့်ဆန္ဒကို ဖြည့်စွမ်းရတဲ့၊ လုပ်ကျွေးရတဲ့ အတန်းအစားပဲဖြစ်တယ်။

အဲဒီ ကိုယ်လုပ်တော်ရဲ့ နာမည်ကိုတော့ ရာဇဝင်တွေမှာ မတွေ့ရဘူး။ ကျန်စစ်သားမင်းကြီးရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ဓမ္မကျင်ရဲ့ သမီးဖြစ်တယ်ဆိုတာပဲ သိရတယ်။ အလောင်းစည်သူမင်းရဲ့ မိဖုရားတွေထဲမှာ ထင်ရှားတဲ့ မိဖုရားကတော့ ရတနာပုံပဲဖြစ်တယ်။ တိုင်းချွတ်ဘုရားကျောက်စာအရ ရတနာပုံမိဖုရားဟာ ပုဂံမှာ ဂူဘုရားပြုလို့ လှူဒါန်းခဲ့တယ်ဆိုတာလည်း လေ့လာသိရှိရတယ်။

အလောင်းစည်သူမင်းဟာ အမတ်၊ စစ်သည်၊ ဆင်မြင်းအလုံးအရင်းနဲ့ အရပ်ရပ်ကို တိုင်းခန်းလှည်လည်တော်မူတဲ့ မင်းတစ်ပါးလည်း ဖြစ်တယ်။ ရေလမ်းကလည်း မိဖုရား၊ မောင်းမမိဿံ၊ အခြွေအရံတွေနဲ့အတူ သွားလာတော်မူတဲ့ မင်းလည်း ဖြစ်တယ်။ ဖောင်တော်နဲ့သာ မဟုတ်ပဲ သင်္ဘောနဲ့လည်း သွားလာတဲ့အတွက် သိန်းခိုကျွန်းကို ရောက်ခဲ့ပြီး သိန်းခိုမင်းက သမီးတော် စောဦးထွေးကို ဆက်သတယ်ဆိုတာလည်း တွေ့ရတယ်။

အလောင်းစည်သူဟာ ဆည်မြောင်းကန်ချောင်းတွေကို ပြုပြင်ပြီး မန္တလေးအနီးက နန္ဒာကန်နဲ့ မောင်းမကန်ကိုလည်း ဆည်တော်မူတယ်။ နိုင်ငံတော်မှာ အသုံးအဆောင် အချိန်အတွယ်တွေကို တစ်ညီတည်းဖြစ်စေလိုတဲ့အတွက် ကျပ်၊ မူး၊ ပဲနဲ့ တင်း၊ ခွဲ၊ စိတ်၊ စရွတ်၊ ပြည်၊ ခွက်စလယ် စတာတွေကို တိကျအောင် စီရင်တော်မူတယ်။

လယ်ယာတွေကိုလည်း တိုးချဲ့တည်ထွင်စေပြီး တောင်ယာဝေငှကာ လယ်ယာစိုက်ပျိုးရေးကိုလည်း အားပေးပြီး မြို့ရွာအသစ်တွေကိုလည်း ထူထောင်ကာ နိုင်ငံတော်တိုးတက်ရေးကိုလည်း အလေးထားဆောင်ရွက်ခဲ့တယ်။

သူ့ရဲ့တရားစီရင်ထုံးတွေကိုလည်း စုစောင်းပြီး “အလောင်းစည်သူမင်းမြတ်ထုံး” ဆိုပြီး ရေးသားထားတာကိုလည်း တွေ့ရတယ်။ အလောင်းစည်သူမင်းဟာ ပြည်ပက တိုင်းပြည်တွေကို ရေလမ်းခရီးနဲ့ သွားရောက်ခဲ့ရာမှာ အိန္ဒိယပြည်၊ သီဟိုဠ်ကျွန်းနဲ့ မလေးကျွန်းဆွယ်တွေအထိ ရောက်ရှိခဲ့ပြီး ရောက်လေရာအရပ်မှာ လက်ဆောင်ပဏ္ဍာတွေ ဆက်သတာ ခံရတဲ့ မင်းလည်းဖြစ်တယ်။ တရုတ်ပြည်ကိုလည်း ကုန်းလမ်းခရီးက သွားရောက်ခဲ့တယ်လို့ သိရှိရတယ်။

နိုင်ငံအေးချမ်းသာယာရေးအတွက်လည်း ပြည်၊ ပုသိမ်နဲ့ တနင်္သာရီနယ်တွေမှာရှိတဲ့ သူပုန်တွေကို နှိမ်နင်းခဲ့တယ်။ သူ့လက်ထက်မှာ စစ်မက်တွေ ကင်းရှင်းတဲ့အတွက် ပြည်သူတွေဟာ ကိုယ်စိတ်နှစ်ပါးချမ်းသာကြပြီး စီးပွားရေးနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စတွေကိုလည်း တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ကြတယ်။

ပုဂံမင်းတွေထဲမှာ မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်တဲ့ အလောင်းစည်သူမင်းဟာ ကုသိုလ်ကောင်းမှုများစွာကိုလည်း ပြုလုပ်ခဲ့ပြီး သူရဲ့ထင်ရှားတဲ့ ကောင်းမှုတော်တွေကတော့ သဗ္ဗညုဘုရား၊ ရွှေဂူကြီးဘုရား၊ ဓမ္မရံကြီးဘုရား၊ စစ်ကိုင်းက ရှင်ဖြူရှင်လှဘုရားနဲ့ အညာသပိတ်ကျဉ်းက ကျော်လေးဆူအဝင် အညာသီဟတောဘုရား၊ ပုခုက္ကူနယ် ကွန်းရွာက ရွှေတန်တစ်ဘုရား၊ ရေစကြိုနယ် ဆင်ကြိုရွာက ဆင်ကြိုဘုရား၊ ပုခုက္ကူနယ် ပုခန်းကြီးအနိးက ဆင်မတောင်ဘုရား၊ မြတ်ပေါင်း မဉ္ဇူဘုရား၊ စည်သူရှင်ဘုရား၊ ပခုက္ကူက သီဟိုဠ်ရှင်ဘုရား၊ ပခုက္ကူအနောက် ဘီးလင်းတောင်အနိးက ရွှေကွန်အုပ်ဘုရား၊ ပခုက္ကူနယ် ပျင်ချောင်းတစ်ဖက် ယောမြစ်တောင်ဘက်ကမ်းက ရွှေမုဋ္ဌောနဲ့ ရွှေပေါင်လောင်ဘုရား၊ မန္တလေးခရိုင်သင်ပန်ကုန်းကျော်စဉ်က ဘုရားတွေပဲ ဖြစ်တယ်။

ရွှေဂူဘုရားက ရွှေဂူစေတီကျောက်စာမှာတော့ ပါဠိနဲ့ မြန်မာစာရောတဲ့ အရေးအသားတွေတွေ့ရပြီး ကဗျာရေးဟန်ဆန်တဲ့ ပါဠိဂါထာ အရေးအသားမျိုးဖြစ်တာကို လေ့လာတွေ့ရှိရတယ်။

ဒီမင်းလက်ထက်မှာ မြန်မာတွေဟာ ဘာသာရေးကို ပိုလို့ အလေးထားလေးစားယုံကြည်သလို မြန်မာစာပေကိုလည်း ရေးသား လာကြသလို၊ ပါဠိစာပေမှာလည်း ကျွမ်းကျွမ်းကျင်ကျင်ကို တတ်မြောက်ခဲ့ကြတယ်။ စာပေအရေးအသားနဲ့ ပတ်သက်လို့ပြောရရင် အလောင်းစည်သူမင်း လက်ထက်မှာ ပါဠိစာပေကပဲ အဓိကဖြစ်နေသေးတယ်။ ဒီမင်းလက်ထက်မှာ ပုဂံပိသုကာလက်ရာတွေကလည်း ကျန်စစ်သားမင်း လက်ထက်ကလို မွန်ပိသုကာလက်ရာမျိုးတွေ မဟုတ်တော့ဘဲ မြန်မာပိသုကာလက်ရာတွေကို တွေ့လာရတယ်။

အလောင်စည်သူမင်းဟာ နိုင်ငံပြင်ပ အရပ်ရပ်ဒေသတွေကိုရောက်ရှိပြီး အသစ်အဆန်းတွေကို တွေ့ရတဲ့အတွက် မိမိနိုင်ငံကို ပြန်ရောက်တဲ့အခါမှာလည်း တီထွင်ဆန်းသစ်မှုတွေကို ပြုလုပ်ခဲ့တယ်။ ရေလမ်းခရီး သွားလာရေးအတွက် လှော်ကားလှေနဲ့ တခြားဆန်းပြားတဲ့ လှေပုံစံ အမျိုးမျိုးကိုလည်း တီထွင်ဆောက်လုပ်ခဲ့တယ်။ မြန်မာဂီတအနေနဲ့လည်း ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်စတဲ့ တူရိယာငါးပါးကိုလည်း အပြည့်အစုံတီထွင်ခဲ့တယ်လို့ သိရှိရတယ်။

သီဟိုဠ်နိုင်ငံနဲ့လည်း ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး သီဟိုဠ်သံဃာတော်တွေကိုလည်း ကျောင်းများဆောက်လုပ်လှူဒါန်းခဲ့တယ်။ သီဟိုဠ်မင်းသမီးနှစ်ပါးကိုလည်း မိဖုရားမြောက်ခဲ့သလို၊ နန်းတွင်းမှာလည်း သီဟိုဠ်သားတွေကို အမှုထမ်းအဖြစ်ခန့်အပ်ခဲ့တယ်။ အလောင်းစည်သူမင်းနဲ့ ပတ်သက်ပြီး သမိုင်းမှာ စိတ်ဝင်စားစရာ၊ သိထားစရာ၊ သတိထားစရာတွေလည်း ရှိပါတယ်။ ဖြစ်ရပ်တစ်ခုကတော့ သက်တော်ကြီးရင့်လာပြီ ဖြစ်တဲ့ အလောင်းစည်သူက သူ့အမတ်တွေကို သူမအိုသေးကြောင်း အသက်ကြီးပေမယ့် သူ့မှာ စွမ်းရည်တွေ၊ သတ္တိတွေ၊ အားမာန်တွေနဲ့ ပြည့်စုံနေသေးကြောင်း ပြသတာပဲဖြစ်ပါတယ်။

တနေ့. . . ညီလာခံဝင်တဲ့ အချိန်မှာ အလောင်းစည်သူဟာ လက်ရုံးတော်ကို ဆန့်ပြီး ကြုံးဝါးတော်မူတဲ့အခါ သက်တော်ကြီးလို့ လက်ပျဉ်းတော်ကျတာကို အမတ်တွေက မြင်တော့ ရယ်ကြတယ်လို့ ဆိုပါတယ်။

ဒါကို အလောင်းစည်သူက ရိပ်မိတော့ အမတ်တွေကို “ဟယ်. . . အမတ်တို့၊ ယောက်ျားတစ်ယောက်သည် ဦးပေါင်းကျားနှင့် မြင်းကျားစီး၍ တူးရွင်းတောင်ခြေ၌ နေဝင်လျှင် လာသမျှလူကို အနိုင်အထက်ပြု လုနေသည်ကို အသင်တို့ မကြားကုန်သလော။ ထိုယောက်ျားကို အသင်တို့လေးယောက် ရအောင်ဖမ်းချေ။ မရသော် အသင်တို့ကို မျက်အံ့” လို့ အမိန့်တော်ရှိတယ်။

ညနေချိန်ရောက်တော့ အမတ်လေးယောက်သည် မြင်းလေးစီးကို ယူပြီး ဦးပေါင်းကျားနဲ့ ယောက်ျားကို ဖမ်းဖို့ တူရွင်းတောင်ခြေကို သွားကြတယ်။

အလောင်းစည်သူကလည်း ရုပ်ဖျက်ပြီး တူရွင်းတောင်ခြေကို အပြင်းသွားတယ်။ အမတ်လေးယောက်လည်း ဦးပေါင်းကျားနဲ့ မြင်းကျားစီးသူကို တွေ့တော့ အရဖမ်းမယ်ဆိုပြီး လိုက်ကြတယ်။ အလောင်းစည်သူကလည်း မြင်းကို တက်တုံ၊ ခွာတုံ၊ ချဉ်းတုံ အမျိုးမျိုးလုပ်ပြတယ်။ ပြီးတော့မှ ညောင်ဦးကမ်းပါးဆင်းပြီး မြင်းတော်ပန်းတာကို ရေချတယ်။

အမတ်တွေက . . .

“ထိုသူသည် ငါတို့ကို ကြောက်၍ ချောက်တွင်ဆင်းပြီး သေလေပြီ” လို့ ထင်နေကြတယ်။ အဲဒီနောက် အလောင်းစည်သူလည်း မြင်းတော်အပန်းပြေတာနဲ့ ချောက်ကပြန်တက်ပြီး မြင်းလေးစီးဝန်ရံနေတာကို လွတ်အောင်ထိုးဖောက်ကာ ချဉ်းတုံ၊ ခွာတုံပြုလုပ်တဲ့အခါ အမတ်တွေလည်း “ဤလူကား လူမဟုတ်နိုင်၊ နတ်ဘီလူးပင်ဖြစ်တန်ရာသည်” လို့ တွေးပြီး ကြောက်ရွံ့စိတ်တွေ ဝင်လာကြသလို ဦးပေါင်းကျားနဲ့ မြင်းကျားစီးသူကို ဘယ်လိုမှ မဖမ်းနိုင်ဖြစ်ကြရတယ်။

မနက်မိုးသောက်လို့ ညီလာခံချိန်ရောက်တော့ အလောင်းစည်သူက အမတ်လေးယောက်ကို . . .
“ဟယ်. . . အမတ်တို့၊ မြင်းကျားစီးသောသူကို အသင်တို့ တွေ့မိလော” ဟု မေးလိုက်တယ်။

အဲဒီမှာ အမတ်လေးယောက်ကလည်း . . .
“တင်လျှောက်ပါသည် ဘုရား၊ မြင်ကျားစီးသောသူကား လူဖြစ်ဟန်မတူ၊ နတ်ဘီလူးဖြစ်နိုင်ရာသည်။ လူဖြစ်လျှင်လည်း လူမည်ကားမဟုတ်၊ ကြီးမြတ်သော ဘုန်းတန်ခိုးရှင်ပင် ဖြစ်တန်ရာသည်။ ကျွန်တော်တို့ ဖမ်း၍မရနိုင်ပါ” လို့ နားတော်လျှောက်ကြတယ်။

ဒီအခါမှာ အလောင်းစည်သူက . . .
“ဟယ်. . . အမတ်တို့၊ နင်တို့ ငါ့ကို အိုပြီဟူ၍ မှတ်ကြသည်။ ငါ မအိုသေး” ဟု မိန့်တော်မူလိုက်တဲ့အတွက် ညီလာခံမှာ ခစားနေကြတဲ့ မှူးမတ်ဗိုလ်ပါတွေအားလုံးဟာ ကြောက်ရွံ့ခြင်းပြင်းစွာ ဖြစ်ကုန်ကြရတယ်လို့ ဆိုပါတယ်။

ပြီးတော့ ဒီမင်းဟာ ဘုန်းလက်ရုံးတွေနဲ့ ပြည့်စုံတဲ့ မင်းဖြစ်တဲ့အပြင် ဆင်အတတ်၊ မြင်းအတတ်၊ လေးအတတ်တွေလည်း တဖက်ကမ်းခတ် အပြီးတိုင်တတ်မြှောက်တယ်လို့ ရာဇဝင်တွေက ဆိုတာတွေ့ရတယ်။

တခါမှာတော့ အိန္ဒိယက ပဋိက္ကရားမင်းက သမီးတော်ကို ဆက်လာတာမှာ အလောင်းစည်သူမင်းက မြတ်နိုးတော်မူတဲ့အတွက် “ပဘာဝတီ” ဆိုတဲ့အမည်နဲ့ မိဖုရားအရာမှာထားပြီး အနိးမှာ လုပ်ကျွေးစေတယ်။ တနေ့မှာ ခမည်းတော်ဖြစ်သူကို ခစားဖို့သားတော်တွေ ရောက်လာကြတဲ့အခါ ပဘာဝတီဟာ အလောင်းစည်သူမင်းနဲ့အတူ ထိုင်နေရာက သလွန်တော်ထက်က မဆင်းပဲနေပါတယ်။

အဲဒီလိုနေတာကို သားတော်ကြီးဖြစ်တဲ့ မင်းရှင်စောမြင်တော့ . . .
“မှူးတော်မတ်တော်တို့အလယ်မှာ ငါ့သားကြီးရှိလျက်နှင့် ကုလားမင်းသမီးသည် သလွန်ထက်နေရသည်။ နေရာသည်လော” လို့တွေးပြီး မျက်နှာလွဲနေတယ်။
ပြီးတော့မှ ဆက်ပြီး မခစားတော့ပဲ ကိုယ်မကျန်းမာရှိတယ်လို့ဆိုပြီး ထသွားတာကို အလောင်းစည်သူမင်းက မြင်လိုက်တယ်။

နောက်တစ်ခါလည်း အထိန်းတော်သား အနန္တသူရိယကို သနားတော်မူလို့ မင်းသားတွေသာ ဝတ်ထိုက်တဲ့ ဝတ်လုံကို ပေးတော်မူတယ်လို့ ဆိုတယ်။

အဲဒီဝတ်လုံကို အနန္တသူရိယဝတ်လာတာ မင်းရှင်စောကမြင်တဲ့အခါ “ဤအဝတ်ကား. . . မင်းထိန်း၊ မင်းယတို့ ဝတ်ထိုက်သောအဝတ်မဟုတ်။ မင်းညီမင်းသားတို့သာဝတ်ထိုက်သော အဝတ် ဖြစ်သည်။ ဤကဲ့သို့ အရောရောအနှောနှော မဝတ်လေနှင့်” လို့ ဆိုလိုက်ပြီး ဝတ်လုံကို ချွတ်လဲစေတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို အလောင်းစည်သူကြားတဲ့အခါ “ငါပေးတော်မူ၍ဝတ်သည်ကို ငါမသေမီကပင် ဤကဲ့သို့ ပြုကျင့်သည်။ ငါမရှိ၍ မင်းဖြစ်မူကာ ငါ့သားတော်၊ ငါ့သမီးတော်၊ မှူးတော်မတ်တော်တို့ကို ညှဉ်းပန်းနှိပ်စက်မည်မှာ မလွဲ” လို့တွေးပြီး မင်းရှင်စောကို အကျဉ်းနှောင်အိမ်ထဲ ထည့်ထားလိုက်တယ်။ ဒါပေမယ့် မယ်တော်ဖြစ်တဲ့ ရတနာပုံမိဖုရားက သနားတော်မူဖို့အကြောင်း တင်လျှောက်လို့ “ငါမြို့တွင်မူမနေလေနှင့်” လို့ဆိုမိန့်ပြီး နှင်ထုတ်လိုက်တယ်။ မင်းရှင်စောလည်း သူ့ရဲ့ မြင်းဆင်ဗိုလ်ပါတွေနဲ့အတူ မန္တလေးအရှေ့တောင်ဘက် ထွန်းတုံးပူတက်အရပ်မှာ ရွာတည်ပြီးနေတယ်။

အလောင်းစည်သူဟာ သားတော်ကြီးမင်းရှင်စောကို ပုဂံမှနှင်ထုတ်တော်မူပြီးတော့ သားတော်တစ်ဦးဖြစ်တဲ့ နရသူကို လုပ်ရည်ကြံရည်ရှိတယ်လို့ ဆိုပြီး ပြည်ထဲရေးအမှုတွေကို စီရင်ကွပ်ညှပ်စေတယ်။

ဘုန်းလက်ရုံး တန်ခိုးအာဏာနဲ့ ပြည့်စုံတဲ့ အလောင်းစည်သူမင်းကြီးဟာ နန်းစည်းစိမ် နှစ် (၇၀) ကြာအောင် နိုင်ငံတော်အကျိုး၊ သာသနာတော်အကျိုးတွေကို ဆောင်ရွက်လာခဲ့တဲ့ သက်တော် (၈၅) နှစ် အရောက်မှာ အသည်းအသန် နာဖျားခြင်းဖြစ်တော်မူတယ်။ အဲဒီအခါမှာတော့ သားတော်နရသူက ဖခင်ကို နန်းကချလိုက်ပြီး ရွှေဂူဘုရားမှာထားတယ်။

မင်းကြီး သတိရလာတဲ့အခါမှာ “ငါ့နန်းမဟုတ်ပါတကား” လို့ မိန့်တော်မူတော့ ကိုယ်လုပ်တော်တွေက “နန်းမဟုတ်ပါ၊ ကောင်းမှုတော်သာ ဖြစ်ပါသည်” လို့ နားတော်လျှောက်ကြတယ်။ အဲဒီမှာ မင်းကြီးက “ဘယ်သူ့အတတ်နည်း” လို့ မေးတော့ “သားတော်နရသူရဲ့ အစီအမံဖြစ်ပါသည်” လို့ လျှောက်တင်တာကို ကြားလိုက်ရတဲ့အတွက် ကြီးစွာသောအမျက်တော်ရှပြီး ကိုယ်တော်အလုံးမီးကဲ့သို့ ဖြစ်စေတယ်လို့ ဆိုတယ်။

အဲဒါကို သိရတော့ အာဏာပလ္လင်အတွက် မိမိရဲ့ ဖခင်ရင်းကိုပင် မညှာတဲ့ သားမိုက် နရသူဟာ “မင်းကြီးအနာမှထမြောက်တော်မူချေသော် ငါပျက်ဆီးခြင်းသို့ရောက်ရတော့မည်” လို့ တွေးပြီး အလောင်းစည်သူမင်းကြီးကို အဝတ်၊ ပုဆိုးတွေနဲ့ ဖိပြီးသတ်လိုက်တယ်။

ပြောရရင် နရသူကတော့ မြန်မာ့သမိုင်းမှာ အညစ်အစွန်းများတဲ့ မင်းဆိုးမင်းညစ်တစ်ပါးဖြစ်တယ်။ ဖခင်ရင်းကိုလည်း သတ်ခဲ့သလို၊ နောင်တော်မင်းရှင်စောကိုလည်း မကောင်းတဲ့ ဥဏ်နီဥဏ်နက်တွေဆင်၊ ထီးနန်းအပ်ပါမည်လို့ အယုံသွင်းပြီး စားတော်ထဲမှာ အဆိပ်ခတ်ခဲ့တဲ့ မင်းလည်း ဖြစ်တယ်။ ပြီးတော့ အလောင်းစည်သူရဲ့ မိဖုရား ကုလားမင်းသမီးကိုလည်း မိဖုရားမြှောက်ပြီးမှ သတ်ပစ်ခဲ့တဲ့မင်းလည်း ဖြစ်တယ်။ စိတ်ထားအလွန်ညံ့သလို ရက်စက်ယုတ်မာပြီး ကောက်ကျစ်တဲ့ မင်းလည်းဖြစ်တယ်။ ဒီမင်းနန်းစံခဲ့တဲ့ကာလမှာ မိဖုရားတွေ၊ မှူးမတ်ဗိုလ်ပါတွေနဲ့ ပြည်သူလူထုတွေလည်း စိတ်ဆင်းရဲ ပင်ပန်းခြင်းတွေ ဖြစ်ခဲ့ကြရတယ်။ နောက်ဆုံးမှာတော့ သူလည်း ဇာတ်သိမ်းမလှခဲ့ပါဘူး။ ကုလားမင်းသမီးကို သတ်ပစ်တဲ့အတွက် အိန္ဒိယကုလားတိုင်းပြည်က ကုလားသူရဲကောင်း (၇) ယောက် ရောက်လာပြီး လုပ်ကြံတာခံလိုက်ရတဲ့အတွက် သမိုင်းမှာ “ကုလားကျမင်း” ဆိုတဲ့ အမည်ဆိုးနဲ့ သေခဲ့ရတဲ့ မင်းဖြစ်ပါတယ်။

၁၁၆၇ ခုနှစ်မှာတော့ သားဖြစ်သူရဲ့ လက်ချက်နဲ့ နတ်ရွာစံခဲ့ရတဲ့ အလောင်းစည်သူမင်းကြီးကတော့ အိမ်နှိမ့်စံ (၁၅) နှစ်၊ နန်းစည်းစိမ် (၅၄) နှစ်၊ သက်တော် (၆၉) နှစ်မှာ နတ်ရွာစံတာဖြစ်ပြီး အနော်ရထာမင်း၊ ကျန်စစ်မင်းတို့လိုပဲ ထင်ရှားတဲ့ ပြည်သူချစ်တဲ့ မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ် သမိုင်းမှာ နာမည်ကောင်းကျန်ခဲ့တဲ့ မင်းလို့ဆိုလိုက်ပါရစေ။

ဟိန်းဇေ



မှတ်ချက်

ဘုန်းလက်ရုံး တန်ခိုးအာဏာနဲ့ ပြည့်စုံတဲ့ အလောင်းစည်သူမင်းကြီးဟာ နန်းစည်းစိမ် နှစ် (၇၀) ကြာအောင် နိုင်ငံတော်အကျိုး၊ သာသနာတော်အကျိုးတွေကို ဆောင်ရွက်လာခဲ့တဲ့ သက်တော် (၈၅) နှစ် အရောက်မှာ အသည်းအသန် နာဖျားခြင်းဖြစ်တော်မူတယ်။ လို့ရေးသားထားသလို ၁၁၆၇ ခုနှစ်မှာတော့ သားဖြစ်သူရဲ့ လက်ချက်နဲ့ နတ်ရွာစံခဲ့ရတဲ့ အလောင်းစည်သူမင်းကြီးကတော့ အိမ်နှိမ့်စံ (၁၅) နှစ်၊ နန်းစည်းစိမ် (၅၄) နှစ်၊ သက်တော် (၆၉) နှစ်မှာ နတ်ရွာစံတာဖြစ်ပြီး လို့လည်းရေးထားပါတယ်။

No comments:

Post a Comment